နေမကောင်းတဲ့ အလုပ်အားရက်
Game လည်းမကစားနိုင်အောင် ခေါင်းကိုက်နေတဲ့ အလုပ်အားရက်
အမြင်ကပ်ဖို့ကောင်းတဲ့ ကျန်းမာရေး
တနင်္လာကနေ သောကြာကျတော့ ဒေါင်ဒေါင်မြည် ကျန်းမာနေပြီး
ရုံးပိတ်ရက်ကျကာမှ လာဖြစ်နေတယ်။
ဘာမှလည်း ထမလုပ်ချင်ဘူး
Game လည်းမကစားချင်တော့ဘူး
အိမ်မှာဆို အမေက ငါးရံ့ဆံပြုတ်တိုက်မယ် ထင်တယ်
နေမကောင်းဖြစ်တိုင်း မုန့်ဟင်းခါးပဲ စားချင်တတ်တဲ့ သမီးကို
အမေက မုန့်ဖတ်ကို မစားစေချင်လို့ ငါးရံ့ဆံပြုတ်လုပ်တိုက်တတ်တယ်။
ငါးရံ့ဆံပြုတ် မသောက်ရတာလည်း နှစ်နှစ်လောက်တောင်ကြာပေါ့
သုံးပါတ်လောက် ခွင့်ရလို့ ရန်ကုန်ကို ပြန်တုန်းကလည်း
စားချင်တာတွေ များနေလို့ မစားခဲ့ရ။
ခုမှစားချင်လိုက်တာ စီးတီးဟောလ်က ၀ယ်ချက်ဖို့လည်း
ငါးတွေစားဖို့ကို စိတ်မသန့် ငါးစားခါနီးတိုင်း မျက်စေ့ထဲ မြင်ယောင်လာတဲ့
ပုံတွေကြောင့် နောက်တွန့်တွန့် သွားတယ်။
မြန်မာပြည်မှာတုန်းက တစ်ပါတ်မှာ ခုနှစ်ရက် မုန့်ဟင်းခါးစားနေကျ ကနေ
ဒီရောက်မှ လုံးဝမကြိုက်တဲ့ ခေါက်ဆွဲပြုတ်ကို စားတာတောင် အကျင့်ရနေပြီပဲ။
ငါးရံ့ဆံပြုတ် မသောက်ရတာလောက်တော့ စာဖွဲ့မနေနဲ့တော့။
ဗိုက်တအားဆာလာရင် ကြာဇံသို့မဟုတ် ခေါက်ဆွဲတစ်ခုခု သွားပြုတ်စားလိုက်ပေါ့။
ကျန်းမာရေးနဲ့ သင့်တော်တာ မသင့်တော်တာလား
သိပ်စဉ်းစားမနေပါနဲ့ ဆံပင်တွေပိုဖြူလာမယ်။
စလုံးရောက်မှတော့ စလုံးလိုကျင့်ပေါ့ ပျော်တာတွေ မပျော်တာတွေ
အိမ်လွမ်းတာတွေ မလွမ်းတာတွေ ပြောမနေနဲ့တော့။
ဒါက ကိုယ်လိုလိုချင်ချင် ဖန်တီးထားတဲ့ ဘ၀ပဲမဟုတ်လား
ခုနေ မြန်မာပြည်ကို ပြန်လေဆိုလည်း ပြန်မှ အငတ်မခံနိုင်ပဲ မဟုတ်လား။
မိုးလင်းရင် လူကိုလူကို ဆက်ဆံမခံရတဲ့ ငါးပိသိပ်ငါးချဉ်သိပ် Busကားကြီးကို
တိုးကျိပ်စီးပြီး ရုံးမှမတက်ချင်ပဲ မဟုတ်လား။
တစ်ပါတ်မှာ ငါးရက်ခွဲလောက် အမှောင်ထဲမှာ မနေချင်ပဲ မဟုတ်လား
အင်တာနက်သုံးဖို့အရေးကို ကော်နတ်ရှင် ကောင်းကောင်း
မကောင်းကောင်း သုံးရရ မသုံးရရ ပိုက်ဆံပေးပြီး လုံးဝ Privacy မရှိတဲ့
အမြဲတမ်း Watching လုပ်နေတဲ့ Big Brother ကြီးတွေ
လက်အောက်က ဆိုင်လေးတွေမှာ တိုးကျိပ်ထိုင်မစောင့်ချင်ဘူး မဟုတ်လား။
တစ်ပါတ်ခုနှစ်ရက်အလုပ်လုပ်ပြီး လတစ်ဝက်စာတောင်
မလောက်လို့ စိတ်မညစ်ချင်ဘူး မဟုတ်လား။
မိဘဘိုးဘွား ဆေးဖိုးဝါးခ အတွက်တောင် ရင်မောနေရတဲ့
အဖြစ်မျိုး မကြုံချင်ဘူး မဟုတ်လား။
လူတန်းမစေ့တစေ့ ၀တ်ဖို့ နေတိုင်း ထမင်းနဲ့ဟင်း စားဖို့
နေထိုင်မကောင်းဖြစ်ရင် ဆရာဝန်အစစ်ဆီမှာ ဆေးကုသမှူခံယူဖို့
ရတဲ့လစာလေးထဲက အိမ်စရိတ်ဖယ်ပြီး သွားဖို့လာဖို့လမ်းစရိတ်လောက်ငဖို့
သမာအာဇီဝ အလုပ်နဲ့ ရှေ့ဆက်ဖို့ ဖြစ်ပါတော့မလားလို့ ရင်မမောချင်ဘူး မဟုတ်လား။
အတွင်းစည်းထဲ ၀င်ဖို့ သံသရာအတွက် ကြောက်တယ်မဟုတ်လား။
မိဘနှစ်ပါးကို အသက်အရွယ်ထောက်လာကာမှ
ကိုယ်လုပ်ကျွေးရမယ့် အလှည့်ကျမှ ပိုက်ဆံအတွက်
ပူပင်သောက မရောက်စေချင်ဘူး မဟုတ်လား။
ကိုယ်ဆွေမျိုး သားချင်း ဒုက္ခဖြစ်လို့မှ မျက်နှာလွှဲမနေချင်ဘူး မဟုတ်လား။
ကိုယ်လူလားမြောက်ကာမှ ကိုယ်ကျေရမယ့် တာဝန်တွေ ကျေချင်တယ်
မဟုတ်လား ကိုယ့်အိမ်မဟုတ်လည်း နေလိုက်ပေါ့ကွယ်။
ကိုယ့်မြေမဟုတ်လည်း နေလိုက်ပေါ့ကွယ်
ကိုယ့်တိုင်းပြည်အတွက် မဟုတ်လည်း မတန်၏ တန်၏လခနဲ့လည်း
လုပ်လိုက်ပေါ့ကွယ်။
ကိုယ့်နောက်မှာ ကိုယ့်ထက်ဆိုးတဲ့ ဘ၀တွေရှိသေးတယ်။
အနည်းဆုံး အိနြေ္ဒသိက္ခာ ကိုအထိပါးမခံရဘူးကွယ်
မိန်းကလေး တစ်ယောက် အမြတ်တနိုးစောင့်ထိန်းရမယ့်
အရာတစ်ခုကို ကိုယ်စောင့်ရှောက်နိုင်သေးတယ်ကွယ်။
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျနေလို့
ကိုယ့်မိသားစုအတွက် ကိုယ့်ဘ၀ကိုယ်ထိုးကျွေးလိုက်ရသူတွေကို
တွေ့ရင် မျက်ရည်ကျကွယ် သူတို့ အတွက် ရင်နာလိုက်ကွယ်။
အဲဒါတွေကို ဖန်တီးသူတွေကို ကျိန်ဆဲကွယ်။
ပြီးရင် အသုံးမကျတဲ့ ကိုယ့်ကိုယ်ကိုလည်း ကျိန်ဆဲကွယ်
GCU London
-
[image: DSC_9209]
Camera: Nikon D7000 | 35mm, F2.8 @ 1/2500s, ISO 500
Software : Adobe Lightroom
© Chan Mya Soe
Chan Mya Soe
သိပ်ကောင်းတဲ့ ပို့စ်လေးပါ။
ReplyDelete