Mar 2, 2009

Pasir Ris Beach



ရုံးပိတ်ရက်မနက်ဆို နီးနီးနားနား Pasir Ris Beach ကို စက်ဘီးစီးသွားဖြစ်တယ်။ စက်ဘီးစီးတယ်ဆိုလို့ လှလှပပ ခန့်ခန့်ညားညား အားကစားစက်ဘီး ဘာညာ မမြင်လိုက်ပါနဲ့နော် ဘီအမ်အိတ်စ် သာသာလေးနဲ့ပါ။ အသားကုန်နင်းရတာပေါ့။ ဒါပေမယ့် ကိုယ့်အရပ်လေးနဲ့လည်း အတော်လောက်ပါပဲလေ။

သွားရင် လူများတဲ့ အကင်လုပ်စားလို့ ရတဲ့ဖက် မသွားပဲ မစားရ အညှော်မခံချင်လို့လေ လူရှင်းတဲ့ Aloha Resort ဖက်ခြမ်းကို သွားဖြစ်တယ်။ အိမ်နဲ့ ပိုနီးတာလည်း ပါပါတယ်။ ဘီးပိစိလေးကို နင်းရတာ ပျင်းတာကိုး။ ပိုသာယာ ပိုအေးချမ်းတယ် ထင်တာလည်း ပါပါတယ် ဟဲ ဟဲ။

ဘန်နာ အသစ်က အဲဒိမှာ ရိုက်လာတဲ့ ဖုန်းကင်မရာထဲက မတော်မတည့်နိုင်စွာ ဖြတ်ညှပ်ပြီး Paint ထဲမှာ လျှောက်လုပ်ထားတာလေးပါ။ ဓာတ်ပုံ အစစ်ကို ကြည့်ရင် ဘယ်လို အသုံးမကျစွာ ဖြတ်တောက်ထားတာ တွေ့နိုင်ပါတယ်။

ရေပြာပြာ သစ်ပင်စိမ်းစိမ်း နဲ့ ရုတ်တရက်ကြည့်ရင် လှပေမယ့် ကမ်းစပ်ကတော့ စင်ကာပူ ကမ်းခြေတွေ ရဲ့ ထုံးစံအတိုင်း သိပ်မကျယ်ပဲ ညစ်လည်း ညစ်ပတ်ပါတယ်။ ရေတက်နေချိန်သာ ညစ်ပတ်တာတွေ ပျောက်နေပြီး ရေကျတာနဲ့ အမှိုက်တွေ အစုတ်အပြတ်တွေ ဘွားဘွားကြီးပေါ်လာတာပါပဲ။ ဒါပေမယ့်လည်း ပေါ့ကွယ် ငွေကြေးကုန်ကျသက်သာပြီး HDB တိုက်တွေပေါ်က လွတ်မြောက်မယ့် လမ်းမို့လို့ သွားရတာပါပဲ။ အနည်းဆုံးတော့ လေ၀၀ ရှူရတာပဲကိုး။

ပင်လယ်ဆိုပေမယ့် ချောင်းသာသာလို့ပြောရမလိုပါပဲ။ ရှေ့မှာလည်း ကျွန်းပေါက်စတွေက တန်းပြီး ပိတ်ကာထားသေးတယ်။ ရေထဲမှာလည်း ဘက်တီးရီးယားတွေပါတယ်တဲ့ ဆင်းမချိုးသင့်ဘူးတဲ့။ မိကျောင်းလည်း တခါတွေ့လို့ သတင်းစာထဲပါသေးတယ်။ ပျော်စရာကြီးပါကွယ်။ လာလည်ကြပါဦး Pasir Ris Beach ကြီးကို။

Feb 10, 2009

Sleepless night!

ဒီည အိပ်မရတဲ့ည ဒီည အိပ်မရတဲ့ည ဒီလိုပဲ ထိုင်ရင်းနဲ့ မိုးအလင်းစောင့်ရမယ့် အခြေအနေ တကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလို ခံစားရလို့ ....

အမှောင်ကို စောင်လိုခြုံရင်း အမြဲငါနှစ်သက် ကျေနပ်ခဲ့ပြီပဲ အရုပ်ဆိုးလွန်းတဲ့ အတိတ်တွေ နေလောင်ခြောက်သွေ့နေတဲ့စိတ်တွေ ရှည်လျားလွန်းတဲ့ အရိပ်တွေ ....


အမှောင်ကိုလည်း စောင်လိုခြုံလို့ မရပါဘူး နေရာတကာ မီးရောင် နီကျင်ကျင်တွေပဲ အခန်းထဲထိတောင် အလင်းရောင်က ၀င်နေတုန်း။ မှောင်တာကို ကြောက်တတ်ပေမယ့် အနီရောင် အ၀ါရောင်မီးလုံးတွေကိုတော့ မကြိုက်ဘူး။

ညဦးကတော့ လထွက်လာတာကို မီးပိတ်ပြီးထိုင်ကြည့်နေမိကြသေးတယ်။ လကလည်း အ၀ါရောင် မီးလုံးတွေကလည်း အ၀ါရောင် လေးဖြူရဲ့ အ၀ါရောင် ကိုက်ခဲမှူ ကို သွားသတိရမိသေးတယ်။

မနက်ဖြန် ရုံးပိတ်ရင် ဘယ်လောက်ကောင်းမလဲ။ ဘလောဂ့်တွေ လိုက်ဖတ်မယ်။ သီချင်းဒေါင်းလုဒ်လုပ်မယ်။ မအိပ်ချင်တဲ့ ညကို ဇွတ်အတင်း အိပ်ပစ်စရာမလိုဘူး။ မနက်ဖြန် ရုံးမှာ ခေါင်းကိုက်နေမလား ပူစရာမလိုဘူးလေ။

မအိပ်ချင်သေးဘူး အိပ်မှဖြစ်မယ်။ ရုံးမတက်ချင်ဘူး အလုပ်မပြုတ်ချင်ဘူး။

အိမ်ကိုလွမ်းတယ် မြန်မာပြည် မပြန်ချင်သေးဘူး။

မိသားစုဝင်အသစ်လေးကို လာစေချင်ပြီ မရေရာသေးတဲ့ ဘ၀မို့လို့ မခေါ်ချင်သေးဘူး။

ကိုယ့်ဘ၀ကိုယ်ပိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စချင်ပြီ ဒါပေမယ့် သွေးကြောင်တတ်တဲ့စိတ်က လကုန်ရင် လစာရမယ့်ဘ၀မှာပဲ နေနေတုန်း။

အော်ဇီကိုသွားချင်လိုက်တာလည်း ပျာနေတာပဲ IELTS အတွက် စာလုပ်ဖို့ကျတော့ အကြောင်းပြကောင်းအောင် ရုပ်ရှင်ကြည့်တာနဲ့ သီချင်းနားထောင်တာကလွဲလို့ ဘာမှလည်း မလုပ်ဘူး။

၂၀၀၉ ရဲ့ New Year Resolution က မွေးနေ့ မတိုင်ခင် နည်းနည်းလောက် ပြန်ပိန်အောင် လုပ်ဖို့ တကယ်တမ်းက ဗယ်လင်တိုင်းဒေးတောင် မီပါ့မလား။ နောက်လ အိမ်မပြန်ခင် ပိန်ရင် တော်ပါပြီ။ တစ်လပြီးတစ်လပြီး စိတ်ပြောင်းလှည့်စားလိုက်တာလည်း ကိုယ်တိုင်ပဲ။

တော်ပြီ အိပ်တော့မှ ကြာရင် ကိုယ်အသုံးမကျတာတွေ အကုန်တွေးမိရင် စိတ်ကျရောဂါ ၀င်လာနိုင်တယ်။

Jan 2, 2009

Old Woman!

တနှစ်ကူးပြီတဲ့။ ဘာလိုလို ညာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပါရောလား။ နယူးရီးယားတွေ ဘာတွေ ပျော်တတ်တဲ့သူလည်း မဟုတ်တော့ ဒီလိုပါပဲ။ အိမ်ကလူကတော့ သူ့သူငယ်ချင်းတွေနဲ့ ကမ်းခြေသွားအိပ်ကြမလား မေးသေးတယ်။ အိပ်ချင်ပါဘူးကွယ်။ ကျောအအေးပတ်မှာ ကြောက်ပါတယ်။ မအိပ်ခင် ခြေဆေးချင်တဲ့ စိတ္တဇနဲ့ တညလုံး ဒုက္ခများနေပါ့မယ်။



Countdown Party တဲ့ Marina Bay မှာတဲ့။ တောသူမဆိုတော့ လူတွေ ရုန်းရုန်းနဲ့ ကြားမှာ မပျော်တတ်ပါဘူးကွယ်။ တခါ စတိတ်ရှိုးသွားကြည့်သလို ပွဲမစခင်ကတော့ ပျော်လို့ ပွဲလည်းစလို့ လူတွေ ခုန်ကြပေါက်ကြ အော်ကြဟစ်ကြရော စိတ်ထဲ ခုနေများသေရင် ငါတော့ ငရဲပြည်ဒါရိုက်ပဲလို့ မဆီမဆိုင်တွေးမိပြီး ကြောက်လိုက်ရတဲ့ အကြောက် ရွတ်လိုက်ရတဲ့ ဘုရားစာ။ တော်ပါပြီကွယ် ပိုက်ဆံလည်းကုန်သေး ။



အောချက်မှာ သိပ်လှတာပဲ တဲ့ ဓာတ်ပုံသွားရိုက်ကြမလား တိုးချင်ပါဘူးကွယ် လူတွေကြားထဲ။ တမြန်နှစ်က သွားမိလို့ ဒုက္ခများတာများ မမေ့နိုင်သေးပါဘူး။ အသက်လေး ၀၀ ရှူရဖို့အရေး အရပ်ကပုတော့ လူအုပ်ထဲ ခြေဖျားလည်း ထောက်ရသေး ဘယ်တော့များ ဒီလူရေစီးကြောင်း ထဲကထွက်ရပါ့မယ့်အရေး မျှော်လိုက်ရတဲ့ အမျှော်။



နယူးရီးယားကို ဘာလုပ်မှာလဲတဲ့ သူငယ်ချင်းတွေက မေးတော့ မနှစ်ကတော့ တို့လင်မယား တရားနာ တရားမှတ်ရင်း နောက်နှစ်ထဲကို ကူးတယ် ပြောတော့ နင်လို မိန်းမနဲ့ အရောကိုမ၀င် အဖက်ကိုမလုပ် အပေါင်းအသင်းကို မဖြစ်ချင်ဘူးတဲ့။ နင့်ကိုယ်နင် အသက်၉၂များ မှတ်နေလားတဲ့။ သူပြောတော့မှ ကိုယ့်ယောက်ျားကိုယ်လည်း မေးကြည့်ရသေးတယ်။ ခုလိုမျိုး ကပ်တီးကပ်ဖဲ့ အူကြောင်ကြောင်နဲ့ နေရတာ စိတ်များညစ်သလားလို့ပါ။ သူကတော့ ရပါတယ်လို့ ပြောရှာပါတယ်။



အိမ်ကလူက အိမ်ထောင်မကျခင်က အိမ်မှာညအိပ်ရုံလောက် အိမ်ပြန်တဲ့သူ။ ကိုယ်က ရုံးကို လမ်းလျှောက်သွားလို့ ရနေတော့ ပိတ်ရက်များအပြင်မသွားဖြစ်လွန်းလို့ ကားကဒ်ပါ ပျောက်နေတတ်တဲ့သူ။ သူ့သူငယ်ချင်းတွေက စကားနာထိုး မိန်းမရလို့ သူတို့နဲ့ အရင်လို ပနစူလာမှာ မဆုံဖြစ်တော့သလားပေါ့။ ကိုယ့်ဘက်ကကျတော့လည်း သူနဲ့ယူမှ သူ့လူမှူရေး ကိုယ့်လူမှူရေး သူ့အပေါင်းအသင်း ကိုယ့်အပေါင်းအသင်း သွားလိုက်ရတာ နှမ်းနှမ်းတောက်ပဲ ထင်မိတာ။ တစ်ယောက်ကနေ နှစ်ယောက်ဖြစ်လာတော့ ကိုယ့်စိတ်ကြိုက်ချည်း နေလို့မဖြစ်တာလည်း သဘောပေါက်ပါရဲ့။ ကိုယ့်ဘက်ကနေ အများကြီး လိုက်လျောညီတွေ ပြင်ယူလိုက်ရတာတွေလည်း ရှိကြောင်း ဆင်ခြေတက်ချင်ပေမယ့် သူ့ဘက်ကလည်း ဘာများ ရှိဦးမလဲ မသိ။ တော်ကြာ အဘွားကြီးနဲ့ ယူထားရသလား ထင်ရင်တော့ ဒွတ်ခပါပဲကွယ်။