Sep 28, 2008

Devil cannot live forever!

ခုလက်ရှိ ဖြစ်ပျက်နေတာတွေ၊ အားလုံး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ တရားမမျှတမှူတွေ၊ မဖြစ်သင့်တာတွေ၊ မကြားရဲ မယုံရဲ လက်မခံနိုင်တဲ့ အဖြစ်ဆိုးတွေကြောင့် စိတ်ထဲမှာ တော်တော်ပဲ ခြောက်ခြားမိတယ်။ ငါတို့မှာ လွတ်လမ်းမရှိတော့ဘူးလား။ ဒီလိုပဲ တသက်လုံး လူတန်းမစေ့တဲ့ ဘ၀တွေနဲ့ပဲ နေသွားကြရမှာ အမြဲတမ်း ဒီလိုပဲ အနှိမ်ခံ အစော်ကားခံ အဖိနှိပ်ခံနေရတော့မှာလား ငါတို့ရဲ့ မျိုးဆက်သစ်တွေ ဘယ်လိုထားခဲ့ရမှာလဲ သူတို့တွေ ဘယ်လိုဆက်အသက်ရှင်ကြရမှာလဲ ငါတို့လိုပဲလား ငါတို့ထက်ဆိုးမယ့် ဘ၀တွေနဲ့လားလို့ တွေးမိတယ်။

စိတ်ထဲမှာ မွန်းကျပ်တယ်။ ဘယ်လိုလုပ်မှ ဒီဘ၀ကြီးက လွတ်ရမလဲ။ ငါတို့တွေကံတွေ နှစ်လရှည်များ ဒီလောက်ပဲ ဆိုးသလား။ ကံဆိုးတာတော့ သေချာတယ်။ ငါတို့ ကံတွေ ညံ့လွန်းလို့သာ ဒီဘီလူး သရဲတွေ အနိုင်ကျင့်တာ ခံရတာပဲ။ ဒီလောက်ကံဆိုးရအောင် ဘယ်လို အကုသိုလ် အမှုမျိုးတွေ ပြုမိကြလို့လဲ။ ငါတို့ ပြုတဲ့ အကုသိုလ်ထက် သူတို့ပြုတဲ့ အကုသိုလ်က ပိုမများပေဘူးလား။

ဒါပေမယ့် သူတို့သံသရာကို ငါတို့မစဉ်းစားနဲ့တော့။ ဒေ၀ဒတ်တောင်မှ မြတ်စွာဘုရားကို ပြစ်မှားစော်ကားတာ အကြိမ်ပေါင်းများစွာ သူ့ရဲ့
ကံအရှိန် မကုန်သေးခင်အထိ သူမိုက်ဇာတ်ခင်းလို့ ရနေခဲ့တယ်။ တပည့်လက်သားမွေးလို့ အကြိမ်ကြိမ် မိုက်ရိုင်းခွင့် ရခဲ့သေးတယ်။ ဒါတောင် သူဖက်ပြိုင်ချင်သူဟာ အနှိုင်းမဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးပဲ။ ဒါပေမယ့် သေချာတာတခုက သူပြုခဲ့တဲ့ အကုသိုလ်ကတော့ အဟောသိကံ ဖြစ်မသွားပါဘူး။ သူ့ကို အ၀ီစိထိ ဆွဲချပါတယ်။ ဒေ၀ဒတ် မျိုးဆက်သစ်တွေ အတွက်လည်း အကုသိုလ်အမှူဟာ ဒီအတိုင်းမနေပါဘူး။ အကျိုးပေးပါလိမ့်မယ်။ သူ့အကုသိုလ်နဲ့ သူသွားမယ့် ကိစ္စကို ငါတို့က ကြားထဲက အကုသိုလ် အငှားဝင်ယူနေကြသလိုများ ဖြစ်နေကြမလား။

မကောင်းတာ လုပ်တဲ့သူတွေက ဘာလို့ ဒီလောက် ကံကောင်းနေကြသေးတာလဲ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်စေဦးတော့ ငါတို့ဟာ ကံငါးပါးကို အလုံးစုံ မလုံခြုံသည့်တိုင်အောင် အကုသိုလ်ကို ကြောက်တဲ့စိတ် ကုသိုလ်ကို ပြုလိုတဲ့စိတ် နဲ့ ဆိုးဆိုးဝါးဝါး ရမ်းရမ်းကားကားတော့ မလွန်ကျူးခဲ့ ကြပါဘူး။ ငါတို့ကံတွေ ဒီလိုညံ့ရတာဟာ ငါတို့သီလတွေများ တအားညိုးနွမ်းနေလို့လား။ ငါတို့ကံတွေ ပိုကောင်းလာအောင် ငါတို့ ကံတွေ ပြန်ဆယ်ဖို့ လိုမယ်ထင်တယ်။ ငါတို့ လူမျိုးတွေ နှစ်လုံး သုံးလုံး ဘောလုံး ချဲထီနဲ့ အာရုံများမနေပဲ ကိုယ့်သီလတွေ ပိုဖြုစင်အောင် ကုသိုလ်ဓာတ်တွေ ပိုများအောင် ကြိုးစားပြီး ကုသိုလ်တရားခံတပ်နဲ့ပဲ မိစ္ဆာတွေ မတရားဝါဒီတွေရဲ့ ဖိနှိပ်ခံ ဘ၀ကနေ လွတ်အောင် ကြိုးစားဖို့လည်း လိုမယ် ထင်တယ်။ တခြားနည်းတွေကြိုးစားတာအပြင် ငါတို့ရဲ့ ကိုယ်တွင်း ကုသိုလ်စွမ်းအားကို လည်း မြှင့်တင်ဖို့တော့ လိုမယ်ထင်တယ်။ တခြားဘယ်သူကမှ မကူနိုင် မကယ်နိုင်ပဲ စင်းစင်းခံနေကြရတဲ့ ဘ၀မှာ ကိုယ့်ကံကို ကိုယ်ပြင်ကြဖို့လည်း ငါတို့အရေးတကြီးလုပ်သင့်တယ်လို့ ထင်တယ်။

No comments:

Post a Comment