Mar 5, 2007

What a life?

လောကကြီးမှာ နေရတာ တခါတလေ ပင်ပန်းလိုက်တာ။ ခဏခဏ သည်းခံတတ်တာ သူများက ဗိုလ်ကျပါလို့ အနိုင်ကျင့် စော်ကားပါလို့ သဘောသက်ရောက် စေတာလား။ လူအောက်ကျို့လို့ လူမပိပါဘူး။ ပြီးတော့ မင်္ဂလသုတ်တော်ထဲက သည်းခံခြင်းသည် မင်္ဂလာမည်ဧ။် ဒီစကားတွေက မှန်တာရော ဟုတ်ရဲ့လား လို့တွေးရင် ဘုရားဟော တရားတော်တွေကို ပြစ်မှားသလိုဖြစ်ပြီး ငရဲကြီးဦးမှာလား။ အကုသိုလ်ဆိုတာကို တော်တော်လေး ကြောက်လှပြီ။ အကုသိုလ်ဆိုတာ အပြစ်ရှိတယ်။ မကောင်းကျိုးပေးတယ်။ အဲဒိစကားက သိပ်မှန်တယ်။ ကိုယ်ပြုလိုက်တုန်းက ဘာမှ အမှတ်မထင်လေးပဲ။ သတိလက်လွတ် စိတ်ကို မဆုံးမပဲ ကျူးလွန်ခဲ့တဲ့ အမှားလေးပဲ ဖြစ်ဖြစ် ပြန်ပေးဆပ်ရတဲ့ အခါကြတော့ သိပ်ဝန်လေးတာကိုး။ ၀ဋ်ဆိုတာလည်တတ်တဲ့ သဘောရှိတယ်။ အဲဒိဝဋ်က ကိုယ့်ဆီပြန်လည်လာတော့ သိပ်ခါးတယ်။ ဖြစ်ပြီးသမျှတွေကို ခဏခဏမေ့ပစ်လိုက် အသစ်အသစ်တွေ ထပ်အစော်ကားခံလိုက်။ ဒီလောကကြီးက တရားလည်း မတရားပါလား။ “လူ့အကြိုက် ဆယ်ခါလိုက် မလိုက်တစ်ခါ ရှိလေခါ ကြီးစွာရန်သူ ဖြစ်သည်တည်း။” ဆိုတဲ့ စကားကြတော့ တယ်မှန်ပါလား။

ကိုယ့်ကို စောင်းတာ မြောင်းတာ ဆောင့်တာ အောင့်တာ သိပ်မုန်းတယ်။ ငယ်ငယ်ထဲက လူအများတွေနဲ့ မနေချင်ဘူး။ လူတွေရဲ့ သည်းညည်းကို မခံချင်ဘူး။ အိမ်ပြန်လာရင် ကိုယ့် အာရုံနဲ့ကိုယ် နေချင်တယ်။ အနော်ဖွင့်ချင်တဲ့ သီချင်းကို ဖွင့်မယ်။ ကျယ်ကျယ်ဖွင့်ဖွင့် တိုးတိုးဖွင့်ဖွင့် အနော့သဘော။ စာဖတ်ချင်ဖတ်မယ်။ သီချင်းအော်ဆိုချင်ဆိုမယ်။ အနော်ကစားချင်တဲ့ ဂိမ်းကစားမယ်။ အနော်အိမ်မှာနေတဲ့ အချိန်ကို အနော်ပိုင်တယ်။ အနော်ကြိုက်သလို နေမယ်။ အနော့်ရေဗူးကို သူများယူသောက်ရင် စိတ်ဆိုးတယ်။ အနော်စားတဲ့ ထမင်းဝိုင်းမှာ ကလေး ဘုစုခရုတွေ ထင်ရာတွေ လာလုပ်ကြရင် ထမင်းဆက်မစားချင်ဘူး။ အနော်သီချင်း နားထောင်တုန်း ကာတွန်းကား လာဖွင့်ခိုင်းရင် စိတ်လုပ်ပြီး အစောကြီးဝင်အိပ်မယ်။ ဆွေမျိုးတွေနဲ့ ဒွေးရောယှက်တင် ညအိပ်ညနေ အိမ်မှာ တရုန်းရုန်းနေကြတာကို မပျော်ဘူး။ စိတ်သိပ်ရှူပ်တယ်။ ပေးစရာရှိတာပေး ကျွေးစရာရှိတာကျွေး ပြီးရင် ပြန်ကြပစေဗျာ။ အိပ်ယာနိုးလို့ ကလေးငိုသံနဲ့ နိုးရရင် သိပ်စိတ်ညစ်တယ်။ ကလေးငိုသံကို သိပ်မုန်းတယ်။ ကလေးကို ရိုက်တာ သိပ်မုန်းတယ်။ မနက်စောစောစီးစီး ကလေးတွေက ဂျီတိုက် အမေတွေက ရိုက် ဘာတွေလဲ ကိုယ့်အိမ်မှာတုန်းက ခဏလာလည်တဲ့ အမျိုးတွေကိုတောင် သည်းမခံနိုင်ဘူး။ အနော်တနေကုန် လျှောက်သွားနေရတာ အိမ်ပြန်လာတဲ့အခါ အနော်ဘာသာ နေချင်တယ်။ သူများတွေ ခုလို ညအိပ်ညနေ လာလည်ကြရင် အနော်ကဘယ်မှာသွား နေရမှာတုန်းနဲ့ အမေ့ကို ဂျီတိုက်မယ်။ အိမ်မှာ ပြသနာရှာမယ်။ ကိုယ်ဖြစ်ချင်သလို လုပ်ခွင့်ရတဲ့ ကိုယ့်အိမ်မှာ ထင်ရာစိုင်းတာကို လုပ်ပိုင်ခွင့်ပဲ ယူဆခဲ့တယ်။ ဒါကို အကုသိုလ်လို့ စိတ်ထဲမှာ နည်းနည်းမှ မတွေးမိဘူး။ ကိုယ့်ဘာသာနေချင်တယ် ဒါပဲ သိတယ်။ အိမ်မှာသိပ်ကျယ်တတ်တဲ့ အိမ်ကျယ်မကြီး လှလှပပကြီး ခံစားနေရပြီ မေမေရေ။

ကိုယ်လည်း သူများမျက်နှာကို တစ်ခါ ပြန်ကြည့်ပြီး သူများနဲ့ နေချင်သည်ဖြစ်စေ မနေချင်သည်ဖြစ်စေ ပြေးမရ နေမရ နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ နေရမယ့် ခုလို ဘ၀မျိုး ပြန်ရောက်ဦးမယ် မတွေးမိဘူးလေ။ ကိုယ့်ဘာသာ သိပ်နေချင်တဲ့ သိပ်သီးသန့်ချင်တဲ့ မိန်းမ ခုလို သူများတွေနဲ့ နေရတော့ ဘယ့်နှယ့်ရှိစ။ ကိုယ့်ပိုက်ဆံကိုယ်ပေးပြီး နေတာချင်းတူတူ စရိုက်ချင်း စိတ်ဓာတ်ချင်းမတူ တကိုယ်ကောင်းလည်းဆန် ကလေးလည်းဆန် ဗိုလ်လည်းကျချင် ကျောလည်းကျော စီးလည်းစီးပိုး အနိုင်လည်း ကျင့်တတ်တဲ့ အတ္တလည်းကြီးတဲ့ လူထူးလူဆန်းတွေနဲ့ ဘယ်လိုပဲ လျှော့ပေးပေး ဘာတွေပဲ လိုက်လျောလိုက်လျော ဘယ်လိုမှ အဆင်ပြေအောင် နေမရတော့တဲ့ ဘ၀မျိုးနဲ့ တနေ့ပြီး တနေ့ မကြည့်ချင်တဲ့ မျက်နှာကြီးတွေကို ကြည့်ကြည့်ပြီး ဒေါသတွေကို မျိုချ လည်ချောင်းထိ တက်တက်လာတဲ့ ပြန်ပြောချင်တဲ့ စကားတွေကို ငါ့စိတ်ကို ငါနိုင်တယ် ငါမရိုင်းဘူး။ ငါ့ပါးစပ်က ရိုင်းတဲ့စကား မပြောဘူးနဲ့ စိတ်ကိုထိန်း ကြာရင် မျိုသိပ်ရတာတွေ များလွန်းလို့ ရူးများသွားမလား မသိဘူး။ ခုစောင်းပြော ခဏနေ အတင်းလာရော။ ဟာဘာတွေလဲ။ မလိုတမျိုး လိုတမျိုးတဲ့ အဲဒိစကားကို ရေရေလည်လည် နားလည်တဲ့ ခုလိုအချိန်မျိုးကြမှ အဲဒိစကားကို တော်တော်အမြင်ကပ်တယ်။ မင်းခိုက်စိုးစန်က ကဗျာထဲမှာ “လူတွေရဲ့ စိတ်အတက်အကျ ဒီရေက ရှူပ်လွန်းတော့ ကိုယ့်သင်္ဘောကိုယ် ဘယ်လိုခုတ်မောင်းရမှန်း မသိဘူး” တဲ့ ကိုယ်ကတော့ သင်္ဘောကို ဆွဲမှောတ်ပြီး မီးပါပုံရှို့လိုက်ချင်ပြီ။ အမေရေ သမီးမောလှပြီ။ EPရထားတဲ့ သူငယ်ချင်းတစ်ကောင်က သူများနဲ့ နေရတာ ဇယားရှူတ်လွန်းလို့ တစ်ယူနစ်လုံး ငါတစ်ယောက်တည်း နေတယ်ဟာတဲ့။ ကံကောင်းပ။ အားကျမိပါတယ်။ ငါ့မှာတော့ နင့်လောက်လည်း ငွေမပေါလို့ လူရောစိတ်ဓာတ်ရော တော်တော်ဖြူခါဖျာခါ ကျနေပါပြီ။ မိန်းကလေးတွေ အချင်းချင်းနေရတာ လုံခြုံပါရဲ့ စကားများတော့ သိပ်စိတ်လေတယ်။ ဘ၀ရော စိတ်ရော လုံခြုံအေးချမ်းမှူကိုပေးနိုင်တဲ့ အိမ်။ အိမ်ကိ သိပ်လွမ်းလှပြီ။ ဘ၀ဆက်တိုင်း မချစ်မနှစ်သက်သူတို့နဲ့ အတူယှဉ်တွဲနေရသော ဆင်းရဲမျိုးကင်းအောင် ဘာကုသိုလ်များပြုရပါ့နော်။

1 comment:

  1. ဓမ္မစေတီ ဦးကောသံလ ကတော့ ... တရားထဲမှာဟောတော်မူတယ်လေ.... ဆေးလှူပါတဲ့....အဟုတ်..အဟုတ်..အဟုတ်ပြောတာ..

    ReplyDelete