Dec 6, 2006

Education = training for life= sharpening brain????

ကိုယ့်ဘာသာကိုယ် စိတ်နဲ့လူနဲ့ မကပ်အောင် လေနေတဲ့ ကြားထဲ ကျောင်းသားမိဘ တစ်ယောက်က တကူးတက ဖုန်းဆက်ပြီး တီချယ်သားကို ကြည့်ပြောပေးဦး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ တိုင်လာတော့ စိတ်လေနေတဲ့ ကြားထဲက သေချာရှင်းပြ ဖျောင်းဖြပေးရသေးတယ်။ ကျေနပ်ပုံတော့ မရပါဘူး။ ကျူရှင်ဆရာမ နောက်ထပ်ဘယ်နှစ်ယောက်ခေါ်ပြီး ကလေးကို စာကြည့်စားပွဲမှာ အကျဉ်းချထားဦးမယ် မသိဘူး။ ပြသနာက တော်တော်ကြီးတယ်။ အတန်းထဲမှာ ပိုဇီရှင်မကောင်းလို့ဆိုလား စာမကျက်လို့ဆိုလား။ စဉ်းစားလို့ ရသလောက် မှတ်မိသလောက်တော့ ကိုယ့်ကလေးက ဒီလောက် ဆိုးဆိုးဝါးဝါး အခြေအနေကြီးလည်း မဟုတ်ပါဘူး။ Primary II ပဲရှိသေးတဲ့ ကလေးတစ်ယောက်ကို Phd ယူမယ့်သူလို စာဖတ်စေချင်နေတော့ ခက်တယ်။ သူ့ရဲ့ ကလေးဘ၀လေးကို သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်လေး ဖြတ်သန်းစေချင်တယ်။ ပညာရေး Education ဆိုတာမျိုးက သူ့ဘ၀ထဲမှာ ရင်ဆိုင်ဖြတ်သန်းဖို့ အတွက် လက်နတ်တွေ တပ်ဆင်ပေးနေတာပဲ မဟုတ်လား။ သူ့ဦးနှောက်ကို သွေးပေးနေတာ Train နေတာပဲ မဟုတ်လား။ သူ့ဘ၀ကြီးထဲမှာ ရှေ့လျှောက်လူလုပ်သွားဖို့ရာ လမ်းမှာ ဘာတွေနဲ့ ကြုံကြုံ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ရာ ဒီဘာသာရပ်တွေကို သုံးပြီး သူ့ဦးနှောက်ကို တွေးခေါ်တတ် စဉ်းစားတတ်လာအောင် နှိုင်းချိန်တတ်အောင် ကိုယ်ချင်းစာတတ်အောင် ဒီ Subjects တွေရဲ့အကူအညီ ကိုယူပြီး သူ့ဦးနှောက်ကလေးကို ၀ိုင်းသွေးပေးနေကြတာပါပဲ။ ဒါပေမယ့် မိဘအများစုက Subjects တွေမှာပဲ လမ်းဆုံးပြီး A ဘယ်နှစ်ဘာသာ B ဘယ်နှစ်သာ လိုက်ပြိုင်ရင်းနဲ့ ကလေးတွေကို Pressure တွေမျိုးစုံပေးနေကြတယ်။ ဒီဘာသာရပ်တွေ ဟာအသုံးပြုခံ Subjects တွေထက် ဘာမှ မပိုပါဘူး။ ကလေးရဲ့ ၀ါသနာ အကျင့်စရိုက် ကိုမူတည်ပြီး သူစိတ်ဝင်စားတဲ့ ဘာသာရပ်မှာ နည်းနည်းပိုပြီး ထူးချွန်ပါလိမ့်မယ်။ ဒါဟာ ဘာမှစိတ်ပူပင် စရာမလိုပါဘူး။ သူ့ရဲ့ Type ကဘယ်လိုမျိုးလဲ၊ သူ့ရဲ့ Talent ကဘာလဲ တတ်နိုင်သလောက် သူ့အားသာချက်လေး သူဝါသနာပါရာလေးကို ကိုယ်ကဘေးက ထိန်းညှိပေး မြေတောင်မြှောက်ပေးနိုင်ရင် လုံလောက်ပါပြီ၊ ဒါတောင် ခုခေတ်မှာ အဆင့် တစ် နှစ် သုံး ပေးပြီး အပြိုင်အဆိုင် လုပ်ကြတဲ့ စနစ် အတော်အတန် ပပျောက်သွားလို့။ Grade တွေနဲ့ ခွဲတော့လည်း Grade တွေလိုက်ပြိုင်ကြပြန်ရော။ ခုအတန်းထဲမှာ A တွေ တစ်ထမ်းကြီး ရထားပြီး သူ့ဘ၀ကို သူ့ဘာသာ ဖြတ်သန်းတဲ့အခါ ရင်ဆိုင်ဖို့ တွေးခေါ်တတ်တဲ့ ဦးနှောက် နဲ့ လုံလောက်တဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှူ၊ သူတစ်ပါးကို ကိုယ်ချင်းစာနာ မျှတတွေးတတ်တဲ့ အတွေးအခေါ်တွေ မထည့်ပေးလိုက်နိုင်ရင် ခုရထားတဲ့ Report Card တွေက ဘာမှ အထောက်အကူ မဖြစ်ပါဘူး. အမှတ်နည်းတဲ့ ဘာသာအတွက် ကျူရှင်ဆရာမ ဘယ်နှစ်ယောက်နဲ့ ကလေးဦးနှောက်ကို ၀ိုင်းအမဲဖျက်ကြဦးမလဲ မသိဘူး၊ ကလေးက စာသင်ရတာကို မုန်းတီးလာတဲ့ အထိ စာဖတ်ရတာ ကြောက်စရာကောင်းတယ် ပျင်းစရာကောင်းတယ် လို့ထင်လာတဲ့ အထိ မလုပ်ကြပါစေနဲ့ပဲ ဆုတောင်းနေမိပါတယ်။ လူတစ်ယောက်ကို စေတနာရှိရင် သူ့ကိုဟင်းစားငါးမပေးပဲနဲ့ ငါးဖမ်းနည်းသင်ပေးရဆိုလား ကြားဖူးတာပါပဲ။ အသင့်ဖမ်းပေးထားတဲ့ ငါးကို သေချာကြည့် ငါးနာမည်ကို သေချာမှတ်ခိုင်း၊ ကြေးခွံဘယ်နှစ်ခုပါတယ်၊ ဘာအရောင် ဘယ်လို Feature ရှိတယ်ဆိုတာ အလွတ်ရအောင် By-heart ကျက်ခိုင်း တာဟာ နောက်သူ့ကိုယ်တိုင် ငါးဖမ်းဖို့လိုအပ်လာတဲ့ အခါမှာ အလွတ်ကျက်ထားတဲ့ အဲဒိငါးအကြောင်းက ဘယ်လိုမှ သူ့အတွက် အထောက်အကူ မပြုပါဘူး။ ငါးဖမ်းနည်းကို မသိပဲ သို့မဟုတ် ဘ၀ထဲမှာ နေထိုင်ရင်ဆိုင် ဖြတ်သန်းနည်းကို မသိပဲနဲ့ မိဘနဲ့ Guideနဲ့ ကျူရှင်ဆရာမနဲ့ ၀ိုင်းပြီး ဘာမှ အရေးမပါတဲ့ အလွတ်ရလို့ရော မရလို့ရော ဘ၀ထဲမှာ ဘာမှဖြစ်မသွားတဲ့ ဒီအသေးစိတ်အချက်အလက် တွေကို အတင်းရောကာရော အလွတ်ကျက်ခိုင်းနေတာဟာ မဖြစ်သင့်တဲ့ ကိစပါ။ ကလေးကိုယ်တိုင် လိုချင်စိတ်လေးနဲ့ သိချင်လာအောင် သူ့စိတ်ဝင်စားစိတ် စူးစမ်းလိုစိတ်ကလေးကို ဆွပေးဖို့ပဲ လိုပါတယ်။ သူကိုယ်တ်ုင်သိချင်လာတဲ့ အခါကျ ဆွဲထားလို့တောင် စာမဖတ်ပဲ မနေပါဘူးနော်။ အင်း ကိုယ့်ဦးနှောက်သေးသေးလေးနဲ့ တွေးထားတဲ့ အူကြောင်ကြောင် အတွေးတွေးကို စာဖြစ်အောင် ချရေးမိပြန်ပြီ။ မှားတာများရှိရင် ဖြည့်စွက်ခွင့်လွှတ်သာပေးကြပါတော့၊ စိတ်ထဲ ကသိကအောင့် နဲ့ မို့သာ ချရေးလိုက်တာပါ။ ဒီကျူရှင်ဆရာမ ဘ၀ဆိုတာ ကိုယ့်ရဲ့ တော်တော်လေးကို ကြီးမားတဲ့ ဘ၀အစိတ်အပိုင်းပါ။ ကလေးရဲ့ နားချိန် အားချိန် ကစားချိန်တွေကို ကိုယ့်ဝမ်းရေးအတွက် ငွေကြေးရလိုမှူအတွက် သွားခိုးဖဲ့ယူလိုက်ရတာကို စိတ်ထဲမှာ အမြဲတမ်း လိပ်ပြာမလုံ ခံစားရပါတယ်။ မိဘတွေရဲ့ မသိမှူနဲ့ ကိုယ့်လောဘနဲ့ ပေါင်းပြီး ကိုယ့်ကလေးကို ကိုယ်ကိုယ်တိုင် အကျဉ်းချဖူးပါတယ်။ ဖြစ်တဲ့ အခြေအနေထဲကနေ ကလေးကို Pressure မပေးမိအောင် ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ရင်း သူအတွက် တတ်နိုင်သမျှ အကောင်းဆုံးလေးတွေ လုပ်ပေးရင်း အဲဒိဘ၀ကို အချိန်အကြာကြီး ဖြတ်သန်းဖူးပါတယ်။ ဒါကြောင့် ဖြစ်သမျှ အကြောင်း အကောင်းလို့ပဲ လက်လျော့ သဘောထား လိုက်ပါတယ်။

No comments:

Post a Comment