Dec 30, 2006

Happy New Year To You All !

ပျော်စရာကောင်းတဲ့ မင်္ဂလာရှိတဲ့ စိတ်ချမ်းမြေ့စရာကောင်းတဲ့ နှစ်သစ်တစ်နှစ်ကို အားလုံးပိုင်ဆိုင်နိုင်ကြပါစေဗျာ။ အနော်ကတော့ 2007 ကိုသိပ်ရင်မခုန်ဘူး ဖြစ်နေတယ်။ အမေက နောက်နှစ်က ဗုဒ္ဓဟူးသက်ရောက်လို့ သိပ်ကံမကောင်းတဲ့နှစ်လို့ ကြိုပြောထားတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဗေဒင်တွေကလည်း ယုံလိုက်တာ ၁၀ ပိုင်း ပိုင်းရင် ၁၀ပိုင်းလုံးကို သေနေတာပဲ။ အဲဒိအကျင့်က မကောင်းမှန်းသိပါတယ်။ ဒါပေမယ့် လူဆိုတာက အားနည်းချက်တွေနဲ့ မဟုတ်လားခင်ဗျာ။ ဟဲ ဟဲ။ နောက်နှစ်က ဗုဒ္ဓဟူးသက်ရောက်တော့ နောက်တစ်နှစ်ကျတော့ စနေသက်ရောက်သတဲ့ဗျ။ မီးမီးအော်ငိုချင်တယ်။ ဗုဒ္ဓဘာသာအစစ်ဖြစ်နေရင် ဒါတွေဘာလို့ ဂရုစိုက်နေတော့မတုန်းဆိုပြီး ကိုယ့်ကိုကိုယ် ဆုံးမတာလည်း ခဏခဏပါပဲ။ ဒါပေမယ့် မရပါဘူး။ ဗေဒင်က တစ်ခုခု မကောင်းတာတွေ ဟောလိုက်ရင် စိတ်တွေလေးနေတာ ကိုယ့်ကိုကိုယ်နရင်းချည်းပဲ ပိတ်ရိုက်ချင်တယ်။ 2007 ကြီးရောက်မှာ ကြောက်နေရတဲ့ ကြားထဲ ခုတလော အပျင်းကထူပြီး အိပ်ယာထ အမြဲနောက်ကျနေတော့ ဘုရားရှိခိုးတာလည်း ပျက်ကွက်နေတာ ကြာပေါ့။ ဘုရားလည်း ဆွမ်းတော်ကပ်တာ ရေချမ်းကပ်တာ ပန်းကပ်တာ ဆီမီးပူဇော်တာ ပျက်ကွက်နေတာ ကြာပေါ့။ အမေကတော့ ပြောပါတယ် လူ့ဘ၀ဆိုတာ ဒီလိုပဲ ကောင်းတာတလှည့် ဆိုးတာတလှည့် မလွတ်နိုင်အောင် ကြုံနေဦးမှာ။ လောကဓံက ကောင်းတခါ ဆိုးတလှည့် ကြုံမှာ မသေမချင်းဆိုတော့ ကံမကောင်းတာကို သိနေရင် ကိုယ့်စိတ်ကို ငြိမ်းချမ်းအောင် ခံနိုင်ရည်ရှိအောင် ဘုရားတရားလေးမြဲအောင်နေပါ ပြောထားကာမှ ခုတလော ဘာတွေ ကပေါက်ကချောက် ဖြစ်နေမှန်းကို မသိပါဘူး။ 2007 Resoulutionကို ဘုရားတရားလေးမြဲမှ ဖြစ်မှာမို့ နေ့တိုင်းဘုရားရှိခိုးမယ် မနက်တိုင်း ဆွမ်းတော်ကို ရုံးမလာခင် မီအောင်ကပ်မယ်လို့ ပဲချလိုက်တော့မယ်။ ဘုရားကို အသုံးချပြီး ယတြာချေတဲ့ သဘောများဖြစ်နေမလားပဲ။ ကံဆိုးတဲ့အခါနဲ့များ ကြုံရင် ခံနိုင်ရည်ရှိအောင် ဖြေသာအောင် ဘုရားတရားလေး ဆည်းကပ်မှဖြစ်မယ်လေ။ ဒီ2007Resolutionလေးကို 2007 ဒီဇင်ဘာဒီလို အချိန်ထိ မပျက်မကွက်လုပ်နိုင်ပါစေလို့ ကိုယ့်ကိုကိုယ် ဆုတောင်းပေးလိုက်တယ်။ (ပြောတာပဲ ဟဲ ဟဲ။) နှစ်တိုင်း နှစ်တိုင်း ဒီလို အချိန်ရောက်ရင် စိတ်တွေ ဖောက်ဖောက်လာတယ်။ အသက်တစ်နှစ် ကြီးပါတော့မယ်ကွယ်။ ကယ်ကြပါ။ ၂၅ နှစ်အောက်တုန်းကလည်း ဘယ်လို အသက်ကြီးချင်မှန်း မသိပါဘူး။ လူရာဝင်ချင်လို့လေ။ ၂၅နှစ်ကကျော်လာတော့လည်း ဘယ်လို အချိန်တွေ ဆွဲထားချင်မှန်း မသိပါဘူး။ မျိုးကြီးသီချင်းထဲကလို မိုး၁၄ခါလင်းပြီးရင် အသက်တစ်နှစ် ကြီးပါတော့မယ်ကွယ်။ အော်ဘာလိုလိုနဲ့ အသက်သုံးဆယ်ပြည့်ဖို့ တော်တော်နီးလာပါရော့လားနော်။ ကယ်ဂျပါ။ 2006 ကိုခဏဆွဲထားပေးဂျဘာ။

2 comments:

  1. ဥပါဒါန်ကြောင့် ဥပဒ်ရောက် ဆိုတာမျိုး ဖြစ်နေဦးမယ် အိရေ ... ဗေဒင် ပညာရပ်ကို အထင်သေးတာ မဟုတ်ပေမဲ့လို့ ... သိပ်အစွဲအလမ်း မကြီးတာ ကောင်းပါတယ်။ ဗေဒင်တိုင်းလည်း မမှန်ဘူးလေ။ ကိုယ်မမြင်ရတဲ့ ကံတွေ ကိုယ့်နောက်မှာ အများကြီးရှိတယ်။ အကျိုးပေးခွင့်ရရင် ပေးဖို့ နောက်ကလိုက်နေကြတာ ဆိုတော့ ...ကောင်းတာများများ လုပ်တဲ့ သူအဖို့ ကောင်းတဲ့အကျိုးပေးဖို့က ပိုများပါတယ်။ တခါတလေတော့လည်း ကိုယ်က ကောင်းတာလုပ်နေရက်နဲ့ ကောင်းတာဖြစ်မလာလို့ စိတ်ဓာတ်ကျတတ်တယ်၊ အဲဒါက အခိုက်အတန့်ပါ၊ တချိန်က ကိုယ်မသိဘဲ လုပ်ခဲ့တဲ့ မကောင်းမှု တွေ အကျိုးပေးချိန်မို့ ကောင်းတာလုပ်နေရက်နဲ့ မကောင်းကျိုး ခံစားရတာ ...။ ဒါဟာ စိတ်ပျက် အားလျော့စရာ မဟုတ်ပါဘူး။ မကောင်းတာတွေ ဘယ်လောက်လာနိုင်မလဲ ...လာစမ်းပါစေ ...ကောင်းမှုများများပိုလုပ်ပြီး ဒါတွေကို တိုက်ထုတ်မယ်လို့ သဘောထားလိုက်ရင် ...အဆင်ပြေသွားမယ် ထင်တာပါပဲ ...။
    ကွန်မန့်လဲ ရှည်သွားပြီ ...
    ညီမလေး အိ အဆင်ပြေ ပျော်ရွှင်သော ၂၀၀၇ဖြစ်ပါစေ ...။

    ReplyDelete
  2. မမေရေ ကျေးဇူးအများကြီးတင်ပါတယ်
    လူကိုမမြင်ဘူးပေမယ့်လို့ အမကို ခုလို ရင်းနှီး ခင်မင်ခွင့်ရတာ အရမ်းဝမ်းသာတယ်
    အမပြောတာ အိမှတ်ထားပါတယ်။ တိုက်ထုတ်နိုင်အောင်လဲ ကြိုးစားပါ့မယ် စိတ်ကိုလည်း ပြင်ပါ့မယ် ကျေးဇူးတင်တယ် :D

    ReplyDelete