Sep 26, 2007
SAD & HOPELESS...
ဒီနေ့ ဟာ သိပ်ဝမ်းနည်းစရာကောင်းတဲ့နေ့ပါ။ သွေးမြေမကျပဲ ဒီလိုအရုပ်ဆိုးတဲ့သတင်းတွေ ရှက်စရာကောင်းတဲ့ သတင်းတွေ မကြားရပဲ အေးအေးချမ်းချမ်းပဲ ဖြေရှင်းနိုင်ပါစေတော့လို့ ဆုတောင်းတွေ မျှော်လင့်ချက်တွေကို ရိုက်ချိုးခံရတဲ့နေ့ပါ။ လူတစ်စုအတွက် ကိုယ့်သွေးသားချင်း ဇာတ်တူသား ပြန်သတ်အကြမ်းဖက်ခံကြရတာမျိုး ဖြစ်မလာတော့ပါဘူးလို့ ယုံကြည်မိပါတယ်။ စစ်သားလည်း တို့မြန်မာပဲ ပြည်သူ့ရဲလည်း တို့မြန်မာပဲ။ အချင်းချင်းမုန်းတီးနေလို့ ဘာလုပ်ကြမှာလဲ။ ဒီလို အဖြစ်ဆိုးမျိုး ဒီနေ့ ဒီအချိန်အခါမျိုးမှာ ထပ်မဖြစ်လောက်တော့ပါဘူးလို့ ဒီနေ့မနက်ထိ ယုံကြည်တုန်းပါပဲ။ ဒီအချိန်ဟာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ဘယ်လောက်ကောင်းလိုက်တဲ့ အခွင့်အလမ်းအချိန်အခါပါလဲ။ သံဃာကို မထိပါး မစော်ကားချင်လို့ ဘုရားသားတော်တွေမို့ လိုက်လိုက်လျောလျော ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုက်ကြမယ်။ အချင်းချင်း အမုန်းတွေ အာဃာတတွေ ဖယ်လို့ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ကိုယ့်တိုင်းပြည်အတွက် ညှိနှိုင်း ဆောင်ရွက် ကြရမယ့် အချိန်ပါ။ သိပ်ပဲစိတ်ကူးယဉ်တတ်လို့လား ကျွန်မကတော့ ခုလက်ရှိအခြေအနေကို အေးအေးချမ်းချမ်း ဖြေရှင်းပြီးလို့ ကိုယ့်တိုင်းပြည်ကို ထူထောင်ကြရတော့မယ်။ နောက်ကျနေတာတွေကို အမီလိုက်လို့ ကြိုးစားကြရတော့မယ်။ စစ်သားရယ် ရဲသားရယ် ကြံ့ဖွံ့ရယ် စွမ်းအားရှင်ရယ် မရှိဘူး။ ငါတို့အားလုံး ပြည်သူပဲ အချင်းချင်းမုန်းတီးနေမယ့်အစား စည်းလုံးကြမယ် နိုင်ငံကို တည်ထောင်နိုင်တော့မယ်။ နိုင်ငံအတွက်အလုပ်လုပ်နိုင်တဲ့ သူတွေ အများကြီး ပြည်ပမှာ သူများတိုင်းပြည် တိုးတက်သထက် တိုးတက် အောင် လုပ်အားတွေ ဥာဏ်အားတွေ အများကြီး ဆုံးရှူံးနေပါတယ်။ သူများတိုင်းပြည်တိုးတက်ရေး ကျွန်ခံနေမယ့် အစား ဆင်းရဲပါစေ။ ကိုယ့်တိုင်းပြည်ပြန်ကြမယ်။ ငါတို့မျိုးဆက်မှာ အမီမလိုက်နိုင်သေးရင် နောက်မျိုးဆက်ပေါ့ ငါတို့ ဆင်းရဲရုန်းကန် တည်ဆောက်ရပါစေ။ ငါတို့သားသမီးမြေးမြစ်တွေကျ သူများနဲ့တူတူ လူတန်းစေ့ရင် တော်ပြီပေါ့။ စိတ်ကူးတွေ ယဉ်လိုက်တာ ရူးလို့ပါပဲ။ ဒီနေ့တော့ နေ့ခင်းထဲက busပေါ်က သတင်းတွေကြည့်ရင်း၊ အင်တာနက်ကသတင်းတွေဖတ်ရင်း မျက်ရည်ကျမိပါတယ်။ ကိုယ့်အိမ်မှာ ကိုယ့်မောင်နှမထဲမှာ ကိုယ့်မိသားစုထဲမှာ လူဆိုးလူရမ်းကား တစ်ယောက်ရှိပြီး ကိုယ့်မိသားစုကို အရှက်တကွဲ အကျိုးနည်း ရက်ရက်စက်စက် ရိုင်းရိုင်းပြပြ ရမ်းရမ်းကားကား သွေးသားအချင်းချင်း မညှာမတာလုပ်ရက်လေခြင်းလို့ ယူကြုံးမရဖြစ်မိပါတယ်။ ဒေါသထွက်တာထက်ကို အံ့သြပါတယ်။ ၀မ်းနည်းပါတယ်။ ရှက်လည်းရှက်ပါတယ်။ ဒီအဖြစ်မျိုး ထပ်မကြားရ မမြင်ရပါစေနဲ့ လို့ လှိုက်လှိုက်လဲလဲ ဆုတောင်းလိုက်ပါတယ်။
1 comment:
  1. ဟယ်.ဟယ်..ကြိတ်ကြံနေတယ်ပေါ့လေ။
    ReplyDelete