Sep 9, 2007

Got a new job, new life!

ဖတ်လိုက်ရတဲ့ သတင်းစာ လျှောက်လိုက်ရတဲ့ အလုပ် ဖြေလိုက်ရတဲ့ အင်တာဗျူး စောင့်လိုက်ရတဲ့ S-pass approval။ ဟောရပါပြီခင်ဗျာ S-pass။ အလုပ်သစ်လိုချင်လို့လေ ထွန့်ထွန့်လူး နန့်နန့်တက်။ ဆပ်စလူးကို နတ်ပူးသလိုမျိုးကို လိုချင်ခဲ့တာ။ အရင်အလုပ်မှာက လစာမှန်မှန်ရဖို့ အရေးလေးတောင် ခက်နေလို့ အလုပ်သစ်ရှာရပေမယ့် တရုံးလုံး တစ်ယောက်တည်းမို့ ဆူမယ့်ပူမယ့်သူလည်းမရှိ ကိုယ့်စိတ်ကြိုက်နေ ကိုယ့်သဘောပဲ။ ရုံးသွားချင်တဲ့ အချိန်သွား။ နေ့လည်စာ စားချင်တဲ့အချိန် ထွက်စား။ ပြန်ချင်တဲ့ အချိန်ပြန်။ ဖုန်းပြောချင်ပြော ဂိမ်းဆော့ချင်ဆော့။ လစာရဖို့ အသည်းအသန်လိုက်တောင်းရတာလေးက လွဲရင် အတော်ကိုပဲ အနေချောင်ပါတယ်။ အခုအလုပ်များကျတော့ မနက်ကနေ ညနေnon-stop လုပ်နေတာတောင်မှ မကျေနပ်သေးဘူး။ စီနီယာစလုံးမကလည်း စိတ်ပုပ်လိုက်တာ လွန်ပါရော။ သူတို့ တရုတ်အချင်းချင်း သူဌေးကို အတို့အထောင်လုပ်လိုက်တာလည်း လွန်ပါရောကွယ်။ လုပ်လိုက်ရလည်း မတရား အပြောခံလိုက်ရတာလည်း မတရားပါပဲ။ စိတ်ဓာတ်တွေလည်းကျ လူရှေ့မှာ စိတ်တင်းထားပြီး လူကွယ်ရင် မျက်ရည်လည်းကျ။ အစာရေစာစားသောက်ချင်စိတ်တောင် မရှိဘူး။ နေ့လည်lunch break လေးတောင် ထမင်းစားချင်စိတ် မရှိဘူး။ ကြာရင်တော့လုံးပါးပါးတော့မှာပါပဲကွယ်။ ရုံးပိတ်ရက်လေးများရောက်တော့ ဒင်းမျက်နှာ မမြင်ရတော့ဘူးဆိုတော့ ၀မ်းသာလိုက်တာ။ ခုတနင်္ဂနွေညနေ တနင်္လာပြန်ရောက်မယ့် အချိန် တဖြည်းဖြည်းနီးနီးလာတော့ စိတ်ထဲမှာ ပူလေးနေအောင်ကို အဲဒိလို မေတ္တာထားချင်စရာကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် ကြီးပါ။ ပြောသေးတယ်။ သူ့အရင်အလုပ်မှာ သူ့တို့account sectionက မြန်မာကောင်မလေးကို သူ့သူဌေးက အခန်းသန့်ရှင်းရေး အိမ်သာသန့်ရှင်းရေးပါ စစ်ဆေးဖို့ တာဝန်ပေးထားတဲ့ အကြောင်းပါ ပြောသေးတယ်။ ဘာသဘောလည်းကွယ် ရိုင်းစိုင်းလိုက် ရင့်သီးလိုက်တာ။ စိတ်ထဲထောင်းကနဲ ဒေါသဖြစ်တာနဲ့။ အဲဒိသူဌေးကံကောင်းနေလို့ အဲဒိလို ၀န်ထမ်းမျိုးနဲ့တွေ့တာပေါ့။ တခြားသူသာဆို job scope ထဲမပါတဲ့ အလုပ်ခိုင်းမှူနဲ့ ချက်ချင်းတောင် တရားစွဲခံရလိမ့်မပေါ့လို့ ပြန်ပြောလိုက်တယ်။ နိုင်ငံခြားသားမို့ ဒင်းပြောသလိုခံပြီး နေမယ့်သူမျိုးထင်နေတယ် ထင်ပါရဲ့။ ပြန်ပြောတော့ စိတ်သက်သာပုံမရဘူး။ ဒါကိုလည်း ငြိမ်မခံနိုင်ဘူးကွယ်။ လုပ်လက်စအလုပ်တွေ ဒင်းမျက်နှာပစ်ပေါက်ပြီး အိမ်ထပြန်လာလိုက်ချင်တာလည်း ခဏခဏ။ ရိုင်းပြတင်စီးတာတွေကို မခံနိုင်လို့ ပြန်ပြောမိရင်။ respect မရှိလို့တဲ့။ စာရင်းသွင်းတုန်း Shortcut သုံးမိလို့ စိတ်တွေဘာတွေဆိုးသေးသတဲ့ကွယ်။ ဒီလိုkeyboard ကိုပဲသုံးလို့လည်းရကြောင်း၊ mouse ကိုသုံးနေတာထက် အချိန်ကုန်သက်သာကြောင်း ရှင်းပြတာကို ဒေါသဖြစ်သတဲ့ကွယ်။ သြော် ဒုက္ခ ဒုက္ခ။ ၀ဋ်ရှိသလေသလား မသိပါဘူးကွယ်။ လောကဒီလို စိတ်ထားမျိုးနဲ့ သူလည်း လူလာဖြစ်နေသေးတယ်။ သူဘယ်လောက်သိ တတ် တော်ကြောင်း မရှက်မကြောက်တမ်း ချီးမွှမ်းခန်းဖွင့်လိုက်ရတာလည်း အမော သူများကျတော့ နှိမ်ရနင်းရ ပြောလိုက်ဆိုလိုက်ရတာလည်း အမော။ သြော်ခက်ပဲခက်ရချည့်။ လူဖြစ်ရတဲ့ ဒုက္ခတွေထဲမှာ ဒင်းလို မသူတော်နဲ့ ယှဉ်တွဲပေါင်းဖော်ရခြင်းသည်လည်း မင်္ဂလာတစ်ပါးမဟုတ်ပါလားနော်။ ခုတော့ ဘုရားစာကို နာနာရွတ် ဒေါသတွေကို မျိုမျိုချ။ အမှိုက်ပုံနားက ဖြတ်လျှောက်တုန်း အပုပ်နံ့ရတယ်ပဲ သဘောထားပြီး ကြိုးစားနေကြည့်ရဦးမှာပေါ့လေ။

No comments:

Post a Comment