Jun 28, 2007

Lazy Bones

အိမ်း သူများဘလော့ဂ်တွေ လျှောက်ဖတ်ရင်းနဲ့ ငြိမ်ငြိမ်က မနေချင် ရေးချင်သားချင် ဖြစ်လာပြန်ရော။ ရေးမယ်ဟဲ့ ရေးမယ်ဟဲ့ ဆိုပြန်တော့ ဘာရေးရမှန်းက မသိပြန်ဘူး။ ဟဲ ဟဲ ရေးချင်တာသာ ရှိတာ သူများတွေလို January Knowledge ကလည်း မရှိ။ နေ့စဉ်ဘ၀ကြီးကလည်း ကြာလေကြာလေ ပျင်းစရာကောင်းလေ ဒီအတိုင်းပြီး ဒီအတိုင်းကြီးပဲ ထပ်လည်နေတဲ့ ဘ၀သံသရာကြီး ဖြစ်နေတော့ ကြာလေ အကျင့်ပျက်လေ ကြာလေ အပျင်းထူလေ၊ နဂိုက ငပျင်းကနေ ခုမှ ငပျင်းကြီးကို ဖြစ်နေရော။ ဂိမ်းကစားမယ် ယောင်ယောင်ယောင်ယောင်လုပ်မယ် ချက်မယ် စားမယ် အိပ်မယ်။ အနေချောင်တဲ့ အလုပ်ကိုသွား ရသလောက်လေးယူ အလုပ်လည်း မကြိုးစားဘူး။ ကြိုးစားလည်း ဘာမှမထူး။ တစ်ရုံးလုံးလည်း တစ်ယောက်တည်း။ သူဌေးကလည်း လစာလေးလာပေးဖို့တောင် မနည်း ပင့်ထားရတယ်။ အဲဒိတော့ ဘာဖြစ်လဲ ငပျင်းဂျီးရဲ့ ထုံးစံအတိုင်း ချောင်ခိုတာပေါ့။
လစာရမယ့်ရက်ပဲ အလုပ်ကို သေချာသွားချင်တယ်။ ကျန်တဲ့ရက်က ယောင်ယောင် ယောင်ယောင်။ ရောက်ချင်တဲ့ အချိန်ရောက်။ ရောက်ပြီး ကွန်ပျူတာရှေ့မှာ ကျောက်ချ အလုပ်တွေကြိုးစား အဲလေ ဟုတ်ပါဘူး ဂိမ်းတွေကစား။ စင်ကာပူမှာ လာနေပြီး ဒီလောက်အနေချောင်တာ ငါတစ်ကောင်တည်းကွလို့ ဂုဏ်တောင်ယူရမလိုလို ဟ ဟ။ သူဌေးကလည်း ရုံးမှာ အစောင့်ငှားထားတောင် ပိုက်ဆံအပိုကုန်ဦးမယ် ဒီလို ဟိုမရောက် ဒီမရောက်ကို ခေါ်ထိုင်ခိုင်းထားတော့ သူလည်းပဲ ကြွေးရှင်တွေနဲ့ မျက်နှာချင်းဆိုင်ရ သက်သာတာပေါ့ ဆိုတဲ့သဘောလားမသိ။ Image ပဲထားတဲ့ ဒီအလုပ်ကို သူလည်း စိတ်မ၀င်စား ကိုယ်လည်း စိတ်မ၀င်စား။
ဒါဆိုလည်း အလုပ်ပြောင်းပေါ့။ ဒီလိုနေတာ လူလည်း စိတ်ဓာတ်ပျက်စီး အချိန်တွေလည်း နှမျောစရာ။ ဟုတ်ကဲ့ အလုပ်ကလည်း ရှာမရ။ ဘယ်ရမတုန်း ပညာက လက်မှတ်ပဲ ရှိတာကိုး။ လုပ်ငန်းအတွေ့အကြုံက မရှိ။ ကွန်ပျူတာနဲ့ စာရင်းကိုင်တဲ့ပညာကလည်း မတတ်။ ဆယ်တန်းအောင်ကာစက တတ်ထားတဲ့ စာရင်းကိုင်ပုရွက်ဆိပ်ဒီပလိုမာလေးက နှစ်ပေါင်းများစွာ အသုံးမပြုတော့ MOM မှာ Pass လျှောက်လို့ရရုံလောက် ရှိတော့တာ။
ဘာလေးဖြစ်ဖြစ် စာအုပ်ပြန်လှန် လူတကာမေးစတိုင်နဲ့ ဒီနေ့ထိ အလုပ်လုပ်လာတာပေါ့။ ငါကွ။ ပညာကလည်း ဘွဲ့တစ်ခုသာရထားရော ဘာမှလည်း မတတ် ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ရွပ်ရွပ်ချွန်ချွန် ကျောင်းပြေး၊ သူများက လက်မှတ်ခိုးထိုးပေးလိုက် ကျူတိုရီရယ်လေး သွားခိုးချလိုက် စာမေးပွဲနီးတော့ one subject, one night နှူန်းနဲ့ ရှင်းလိုက်။ တစ်နှစ်ပြီးတစ်နှစ် မေးခွန်းလေးလိုက်လိုက် ရမ်းမှန်းကြက်ကန်းဆန်အိုးတိုးပြီး ထင်ရာတွေ ဖြေလိုက်၊ ရတတ်သမျှလေး ခိုးချလိုက် (ဒါတောင် မိန်းမတွေများတဲ့ ကျောင်းမို့လို့ ဘက်တူတဲ့လူတွေများရင် လုံးဝကို မကျက်ပဲ အကုန်open bookဖြေပစ်မှာ) အော်တိုမစ်တစ် ဘွဲ့ရတတ်သော တိုးတက်သော ခေတ်ကြီးထဲမှာ စီးပွားရေးဘွဲ့ဂျီးကို ၀တ်စုံဖိုးတွေ မိတ်ကပ်ဖိုးတွေ အကုန်ခံပြီး ဂုဏ်ယူဝံ့ကြွားစွာ (မှတ်ချက် ။ အရှက်လည်း နည်းစွာ) ဆွတ်ခူးအောင်မြင်ပြီးသကာလ လက်မှတ်ကို သေချာသိမ်း၊ သေစာရှင်စာ အင်္ဂလိပ်စာနဲ့ ပုဂ္ဂလိက ကျောင်းတော်မဟာကြီးမှာ ဆရာမဂျီးလုပ် (ဟုတ်သော်ရှိ မဟုတ်သော်ရှိ၊ ရုပ်တည်ကြီးနဲ့ ဖိန့်ဖိန့်ပေါ့) ဆိုတော့ စာရင်းကိုင်လုပ်ငန်းအတွေ့အကြုံက ဘယ်လောက်များတယ် ဘယ်လောက်ကျွမ်းတယ် မမေးပါနဲ့တော့။ ကြွားသလို ဖြစ်မှာစိုးလို့။
လေးငါးနှစ်လောက် ရန်ကုန်မှာ ကလေးဗိုလ်လုပ် အဲလေ ဆရာမလုပ်လာတာဆိုတော့ စင်ကာပူမှာ စာရင်းကိုင်အလုပ်ရလာတော့ ဇာတ်ထဲကလို ထွက်ထွက်ဆိုလို့သာ ထွက်လာရ ငါ့ကိုယ်ငါတောင် ဘာကောင်မှန်းမသိ ဆိုတာလို ဖြစ်နေရော။ ဒါပေမယ့် နိုင်ဇံဂါးမှာ အလုပ်လုပ်တော့ကာ မိဘတွေကိုလည်း ဒင်္ဂါးကများများပို့နိုင် မိဘတွေကလည်း ဂုဏ်ယူဝမ်းမြောက်ကြတော့ ကိုယ်လည်း ချော်လဲရောထိုင် ဟဲဟဲ ဟဲဟဲနဲ့ပေါ့ တကယ်ကြီးက အူကြောင်ကျားနဲ့။ ပညာအရည်အချင်းက လက်မှတ်ပဲရှိ လုပ်ငန်းအတွေ့အကြုံက နိုး။ ပျင်းကလည်းပျင်းသေး။ တိုးတက်ရာတိုးတက်ကြောင်းလည်း ဘာမှမလုပ် ဒါနဲ့များ စင်ကာပူမှာ အလုပ်ရနေသေးလို့ အံ့သြကြရင်လည်း ဒီသူဌေးနဲ့ ဒီအလုပ်သမား ကွက်တိပဲမို့ ရတာလို့ ဖြေရမှာပဲ။ Post က Accounts Cum Admin Assistant ။ အလုပ်က General Pyartar။ စာရင်းကိုင် အလုပ်သာရေရေရာရာ မလုပ်တတ်တာ ဒီစင်ကာပူရောက်မှ Electrical Single Line Diagramတို့ Layout Plan တို့ဆိုတာ ကိုယ်တိုင်ဆွဲတာပေါ့။ ဘာတွေမှန်းတော့မသိဘူး။ ဆွဲပေးဆို ဟိုကနေဒီ ဒီကနေဟိုဆိုသလို ကူးဆွဲပေးလိုက်တာပဲ ဟဲ ဟဲ။ Senior လည်းမရှိ Junior လည်းမရှိ တစ်ယောက်ထဲလားမေးတော့ ငါတစ်ယောက်တည်းပါနဲ့ နေ့တိုင်း ရုံးမှာလာလာထိုင်နေတာပါပဲ။ ဟဲ ဟဲ မိုက်တယ်နော်။
Company ကလည်း အကြွေးတွေထူလိုက်တာ နေ့တို်င်း အကြွေးရှင်နဲ့ မျက်နှာချင်းဆိုင် နေရတော့တာပဲ။ ရန်တွေ့ခံလိုက် တောင်းပန်လိုက် လိမ်လိုက် သေချာပေါက် Bounced ဖြစ်မယ့် အင်Cheque ရေးပေးလိုက်။ သူဌေးကလည်း မျက်နှာတောင် တစ်လတစ်ခါ လစာလာလာပေးလို့ မြင်ဘူးရဆိုသလို အပြင်မှာသာ ထင်ရာလုပ်နေတော့တာပဲ။ အကြွေးများ တရားရုံးက တောင်းမှပေးတယ် အေးရော။ ရုံးမှာ ဖုန်းထူးမယ့်လူ ရှိရုံ။ လေးငါးရှစ်ယောက် အိန္ဒိယအဖြူကောင် အလုပ်သမားတွေနဲ့ လုပ်ငန်းလေး မဖြစ်ညစ်ကျယ် လည်ပတ်နေရုံ Image လေးနဲ့ ပစ်ထားတာပဲ။ အံ့ရော အံ့ရော။ လစာလေးထွက်လာလိုက် ဖုန်းဘီလ်လေး ဆောင်လိုက် အင်တာနက်ဘီလ်လေး ဆောင်လိုက် အိမ်လခလေးပေးလိုက် အိမ်ပြန်ပို့လိုက် အမြီးနှူတ်ခေါင်းနှူတ် အလယ်ကခုတ်နဲ့ ကုန်ကုန်ကုန်ကုန်ကုန်…. အင်း ကျောင်းကလေးများ တက်ပြီး တိုးတက်ရာတိုးတက်ကြောင်း ရှာဦးမှပဲ ဆိုတော့လည်း ငွေကမလိုက်နိုင် ဒါတောင် ရူးသလိုလို ကြောင်သလိုလိုနဲ့ သံရုံးကို အခွန်မဆောင်ဘူး ဟီး ဟီး။ ကိုနိုင်မိုးအောင်တို့ရဲ့ Double Taxation ပပျောက်ရေးလှူတ်ရှားမှူကြီး အောင်မြင်ပါစေဗျာ။ မဟုတ်ရင် အခွန်မဆောင်နိုင်တာနဲ့ မွေးရပ်မြေကို ပြန်ပြီး အာဝါဟ၀ိဝါဟလေးတောင် မပြုရရင် မလိုလားအပ်ပဲ အပျိုကြီးဖြစ်ရဦးမယ်။ လောကပါလနတ်မင်းများ ကယ်ဂျဘာ ကယ်ဂျဘာ။
ဒီလိုကြီး တန်ဖိုးမရှိ နေသာသလို နေပါများတော့ ကိုယ့်ကိုကိုယ် အမြင်ကပ် အထင်သေး မလေးစားစိတ်ဝင်တာက အဆိုးဆုံးပဲ။ ကိုယ့်ကိုကိုယ် အထင်မကြီးတာလောက် နေရခက်တာလည်း မရှိဘူး။ ယုံကြည်မှူလည်း မဲ့ ရည်ရွယ်ချက်လည်းပျောက် အချိန်တွေလည်း ဖြုန်းတီး နေရတာ စိတ်မသက်သာ။ အင်းရင်ထဲမှာ ကျပ်နေတာတွေတော့ ရေးချင်တာတွေ လျှောက်ရေးပြီးသွားပြီ။ KGYG EI ဆိုတာ ဘယ်လိုလူစားမျိုးဆိုတာ အားလုံးသိရအောင်ဆိုပြီး မဟာ့မဟာ ပေါင်လှန်ထောင်း ဘိုင်အိုဂရပ်ဖီဂျီးကို ရေးသားတင်ဆက်လိုက်ပါတယ် ဒန် တန် တန်။ ဟဲ ဟဲ ဟဲ။ မတရားတွေ အထင်မကြီးကြနဲ့ဦး။

2 comments:

  1. သြော် KGYG EI ဆိုတာ ဂလိုလား ?

    ဒါနဲ့ ပျောက်နေတာကြာပြီပဲ

    ReplyDelete
  2. ဖတ်ရတာ မိုက်တယ်ဗျို့။
    ဒီဘလော့လေးကိုလင့်ခ်လိုက်တယ်။

    ReplyDelete