Mar 2, 2009

Pasir Ris Beach



ရုံးပိတ်ရက်မနက်ဆို နီးနီးနားနား Pasir Ris Beach ကို စက်ဘီးစီးသွားဖြစ်တယ်။ စက်ဘီးစီးတယ်ဆိုလို့ လှလှပပ ခန့်ခန့်ညားညား အားကစားစက်ဘီး ဘာညာ မမြင်လိုက်ပါနဲ့နော် ဘီအမ်အိတ်စ် သာသာလေးနဲ့ပါ။ အသားကုန်နင်းရတာပေါ့။ ဒါပေမယ့် ကိုယ့်အရပ်လေးနဲ့လည်း အတော်လောက်ပါပဲလေ။

သွားရင် လူများတဲ့ အကင်လုပ်စားလို့ ရတဲ့ဖက် မသွားပဲ မစားရ အညှော်မခံချင်လို့လေ လူရှင်းတဲ့ Aloha Resort ဖက်ခြမ်းကို သွားဖြစ်တယ်။ အိမ်နဲ့ ပိုနီးတာလည်း ပါပါတယ်။ ဘီးပိစိလေးကို နင်းရတာ ပျင်းတာကိုး။ ပိုသာယာ ပိုအေးချမ်းတယ် ထင်တာလည်း ပါပါတယ် ဟဲ ဟဲ။

ဘန်နာ အသစ်က အဲဒိမှာ ရိုက်လာတဲ့ ဖုန်းကင်မရာထဲက မတော်မတည့်နိုင်စွာ ဖြတ်ညှပ်ပြီး Paint ထဲမှာ လျှောက်လုပ်ထားတာလေးပါ။ ဓာတ်ပုံ အစစ်ကို ကြည့်ရင် ဘယ်လို အသုံးမကျစွာ ဖြတ်တောက်ထားတာ တွေ့နိုင်ပါတယ်။

ရေပြာပြာ သစ်ပင်စိမ်းစိမ်း နဲ့ ရုတ်တရက်ကြည့်ရင် လှပေမယ့် ကမ်းစပ်ကတော့ စင်ကာပူ ကမ်းခြေတွေ ရဲ့ ထုံးစံအတိုင်း သိပ်မကျယ်ပဲ ညစ်လည်း ညစ်ပတ်ပါတယ်။ ရေတက်နေချိန်သာ ညစ်ပတ်တာတွေ ပျောက်နေပြီး ရေကျတာနဲ့ အမှိုက်တွေ အစုတ်အပြတ်တွေ ဘွားဘွားကြီးပေါ်လာတာပါပဲ။ ဒါပေမယ့်လည်း ပေါ့ကွယ် ငွေကြေးကုန်ကျသက်သာပြီး HDB တိုက်တွေပေါ်က လွတ်မြောက်မယ့် လမ်းမို့လို့ သွားရတာပါပဲ။ အနည်းဆုံးတော့ လေ၀၀ ရှူရတာပဲကိုး။

ပင်လယ်ဆိုပေမယ့် ချောင်းသာသာလို့ပြောရမလိုပါပဲ။ ရှေ့မှာလည်း ကျွန်းပေါက်စတွေက တန်းပြီး ပိတ်ကာထားသေးတယ်။ ရေထဲမှာလည်း ဘက်တီးရီးယားတွေပါတယ်တဲ့ ဆင်းမချိုးသင့်ဘူးတဲ့။ မိကျောင်းလည်း တခါတွေ့လို့ သတင်းစာထဲပါသေးတယ်။ ပျော်စရာကြီးပါကွယ်။ လာလည်ကြပါဦး Pasir Ris Beach ကြီးကို။

3 comments:

ThuHninSee said...

Pasir Ris Beachကိုလာရင် လာလည်မယ်လေ။
:)

ZT said...

Parsir Ris Beach မှာ သရဲလည်း ရှိတယ် ပြောတယ်။ :D
စတာပါ။ မကြောက်နဲ့။ ကြောက်ရင် သရဲက ပိုခြောက်တတ်တယ်။

EiThet said...

မမွန် - လာလည်ပါ။ စင်ကာပူကို ပြန်လာရင်လည်း အသိပေးပါ။

ကိုZT - အင်း ပြောရရင်တော့ သရဲကသာ ကြောက်ချင်ကြောက်ရမယ်ဗျ ဟဲ ဟဲ

Post a Comment